Wednesday, December 17, 2014

ဖွတ်ဘုန်းကြီ်းလား ဒေါင်းဘုန်းကြီးလား မေးပြီးမှ ဆွမ်းလောင်းပါ


Aung N Htwe shared U Ravika's photo.
4 hrs · 
ဖွတ်ဘုန်းကြီ်းလား ဒေါင်းဘုန်းကြီးလား
ဖွတ်ဘုန်းကြီ်းလား ဒေါင်းဘုန်းကြီးလား မေးပြီးမှ ဆွမ်းလောင်းပါ
ဗုဒ္ဓဘာသာမှာ လူတွေကို ဘုန်းကြီး အပြစ်မပြောရ ပညတ်ထားတာ မရှိပါ။ ဆွမ်းမလောင်းဖို့၊ ကျောင်းနေရာမပေးဖို့၊ သံဃာတော်များကို ညှင်းပမ်းမှု မလုပ်သရွေ့တော့ သပိတ်မှောက်လို့ မရပါဘူး။ အထူးသဖြင့် ဥပါသကာတို့ဘက်ကနေ ဝန်ချတောင်းပန်ရင် ခွင့်လွှတ်ရမဲ့ ထုံးစံ ရှိပါတယ်။ လင်တော်မောင်များ ဘုန်းကြီးဝတ်ကုန်တာ များလို့ မုဆိုးမဖြစ်ကုန်ရတဲ့ ရာဇဂြိုဟ်သူများဟာ မြတ်စွာဘုရားအပြစ်ကို ပြောဖူးပါတယ်။ တိတ္ထိကိုးကွယ်သူများဟာ မြတ်စွာဘုရားကို နေ့စဉ်ရက်ဆက် ဝေဖန်ပြစ်တင်လေ့ ရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာလည်းပဲ ရဟန်းသံဃာတော်များကို ကဲ့ရဲ့လေ့ ရှိပါတယ်။ အဲဒီလိုကဲ့ရဲ့တတ်လို့လည်း ဒကာတို့ကဲ့ရဲ့လာခဲ့ရင် ဘယ်လိုလုပ်ဆောင်ရမလဲ ညွှန်ကြားချက် ရှိပြီသားပါ။ ပုထုဇဉ်ဥပါသကာဆိုရင် ပုထုဇဉ်ဥပါသကာစကားအလျှောက်၊ အရိယာဥပါသကာဆိုရင် အရိယာဥပါသကာစကားအလျှောက် ချင့်ချိန်ပြီး ယုံကြဖို့လည်း ရှိပါတယ်။ အနိယတသိက္ခာပုဒ်တွေ၊ ပဋိဒေသနိယသိက္ခာပုဒ်တွေ၊ အဓိကရဏသမထတွေ ရှိပြီသားပါ။
အသောကမင်းလက်ထက်မှာ ဗုဒ္ဓဘာသာကိုပဲ အားပေးရာ တိတ္ထိရဟန်းတွေ ဗုဒ္ဓဘာသာရဟန်းတော်များအဖြစ် ဟန်ဆောင်ဝင်ရောက်လာကြပါတယ်။ လူများလာတော့ သူတို့အယူဝါဒကို ပြောင်ဟောပြောလာတာတွေ ရှိလို့ ကထာဝတ္ထုကျမ်းကို ရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်မြတ်က ဟောတော်မူခဲ့ရခြင်းဖြစ်တယ်။ ဘယ်ဟာက သာသနာနဲ့ လျော်ညီတဲ့ အယူဝါဒ၊ ဘယ်ဟာက သာသနာပအယူအဆဆိုပြီး ခွဲခြားခဲ့တာ ဖြစ်တယ်။ ထားလိုက်ပါတော့။ ရဟန်းစစ်တွေက ရဟန်းတုတွေနဲ့ ကံမဆောင်ကြဘူး။ ကံမဆောင်တဲ့ သံဃာတော်များကို သံဃာ့ဆန္ဒ ငြင်းပယ်ရကောင်းလား မမေးမလျှောက်ဘဲ အမတ်တွေက ဦးခေါင်းဖြတ်ကြရာ သံဃာတွေက အသေခံကြပါတယ်။ ရဟန်းတုတွေနဲ့ ကံမဆောင်ဘူး၊ အသေသာ ခံမယ်၊ သီလကို အကျိုးမခံဘူး၊ အသက်ပဲ ပေးမယ်ဆိုတဲ့ စိတ်ထားပေါ့။ ဘုရင် သိတဲ့အချိန်မှာ လက်လွန်ခြေလွန်တွေ တော်တော်ဖြစ်နေပြီ။ ဖြစ်ကြောင်းကုန်စင်ကို မေးကြည့်တော့ ရဟန်းတုတွေ ပေါ်နေကြောင်း သိရတော့ ဘုရင်က ဘာလုပ်ရမလဲ သိတယ်။ ဘယ်ဝါဒက ဝိဘဇ္ဇဝါဒီဖြစ်တယ်၊ ဘယ်ဝါဒက အဝိဘဇ္ဇဝါဒီ ဖြစ်တယ် မေးမြန်းလျှောက်ထားတော့ ရဟန်းတုတွေက မှန်အောင် မဖြေနိုင်ကြဘူး။ ဒါကြောင့် ရဟန်းတုများကို ဓမ္မဝိနယနဲ့အညီ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ဒီအဖြစ်အပျက်ကို ကြည့်ရင် သိသာပါတယ်။ ရဟန်းသံဃာတွေက သာသနာတော်ကို လာရောက်ဖျက်ဆီးတဲ့ ရဟန်းတုများကိုတောင် ထိခိုက်အောင် မလုပ်ခဲ့ဘူး။ ရဟန်းတုများနဲ့ ကံအတူ မပြုကြောင်း မပြောဘူး။ တိုင်းပြည်အုပ်ချုပ်သူများက အရိပ်အကဲကြည့်ပြီး ဒီရဟန်းတော်များကို ကာကွယ်စောင့်ရှောက်ရတယ်။ ရဟန်းသံဃာတော်များ ဓုရ(၂)ဖြာကို ဖြည့်ကျင့်နိုင်စေဖို့၊ ပြည်သူများကို သာယာဝပြောစေဖို့ ဆောင်ရွက်ခြင်းဟာ အကောင်းဆုံးသာသနာပြုနည်းပဲ ဖြစ်တယ်။ ဒီ(၂)ခုကို မဆောင်ရွက်ဘဲ သံဃာဆိုသူများရော အစိုးရဆိုသူများကပါ အာဏာကို ပြနေကြရင် သာသနာကို ဖျက်ဆီးရာ ရောက်ပါတယ်။ မိမိက မွန်လူမျိုးဖြစ်လို့ အလောင်းဘုရားအမည်ခံ ဦးအောင်ဇေယျကို မကြိုက်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူရဲ့ မင်းဖြစ်လိုစိတ် ပြင်းထန်ပုံနဲ့ အတုလယသမထေရ်ရဲ့ သံဃာ့ရာဇာ ဖြစ်လိုစိတ် ပြင်းထန်ပုံကို မကြိုက်တာပါ။ သူတို့နှစ်ဦးရဲ့ မှားယွင်းတဲ့ အတွေးအခေါ်ကြောင့် ဟံသာဝတီနဲ့ အယုဒ္ဓယတို့ဟာ ပြာကျခဲ့ရပါတယ်။ စာမတတ်တဲ့ ဦးအောင်ဇေယျဟာ အတုလယသမထေရ်ညွှန်ကြားချက်အတိုင်း လုပ်ရတော့ ဆောင်ရွက်တော့ ငြိမ်းချမ်းရေးစကား ဆိုတဲ့ မွန်ရဟန်းတော်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာ အခု သင်္ကန်းကျွန်းလို့ နာမည်ထင်ပေါ်ခဲ့ပါတယ်။ အတုလယသမထေရ်ဟာ အတင်ဂိုဏ်း (သင်္ကန်းမရုံတဲ့ ဂိုဏ်း) ဖြစ်လို့ အရုံဂိုဏ်း (သင်္ကန်းရုံတဲ့ ဂိုဏ်း)ဆရာတော်များကို အကြီးအကျယ် ချေမှုန်းခဲ့ပါတယ်။ အချို့ဆရာတော်တွေက မဲဇာအထိ အပို့ခံရပါတယ်။ အတုလယသမထေရ်ကြောင့် ကုန်းဘောင်ခေတ်မြန်မာနိုင်ငံသာသနာဟာ ညှိုးနွမ်းခဲ့ရပါတယ်။ သာသနာတော်ကို မှန်မှန်ကန်ကန် ကျင့်သုံးလိုတဲ့ မထေရ်ကောင်းများစွာ ပျံလွန်တော်မူခဲ့ရပါတယ်။ အတင်ဂိုဏ်း အရုံဂိုဏ်းအကွဲအပြဲဟာ ဘိုးတော်ဘုရားဗဒုံမင်းအထိ ရှည်ကြာခဲ့တယ်။ ဒီဘုရင်လက်ထက်ကျမှပဲ ပရိမဏ္ဍလ၊ သုပ္ပဋိပန္နဖြစ်အောင် ကျင့်ကြံကြစေ ဆုံးဖြတ်နိုင်ခဲ့တာ ဖြစ်တယ်။
အခု ဆရာတော်အနေအထားက ကုန်းဘောင်ခေတ်က အတုလယသမထေရ်အနေအထားနဲ့ တူပါတယ်။ သူ့စိန်ခေါ်ချက်ကို ကြည့်တော့လည်း အာဏာနဲ့ ထင်ပေါ်ကျော်ကြားမှုကို အဓိကထားသူ ဖြစ်ကြောင်း တွေ့ရမှာ ဖြစ်တယ်။ အလားတူစွာ အာဏာတည်ဆောက်လိုတဲ့ အာဏာရှင်တစ်စုကလည်း ဒီလိုဘုန်းကြီးများနဲ့ ပေါင်းမှာက အသေအချာပါပဲ။ ဒီနေရာမှာ ဦးအောင်သောင်းဟာ စန္ဒကုမာရဇာတ်တော်မှာ ပါတဲ့ ခဏ္ဍဟာလပုဏ္ဏားနဲ့ တူတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စန္ဒကုမာရမင်းသားနဲ့ တူပါတယ်။ ခဏ္ဍဟာလပုဏ္ဏားက အကျင့်ပျက်တယ်၊ လာဘ်စားတယ်၊ ဘုရင်ကို အကြံပေးရတယ်၊ တရားကို မှန်မှန်ကန်ကန် မဆုံးဖြတ်ဘူးမဟုတ်လား။ တစ်နေ့ကျတော့ တရားရှုံးတဲ့ ပြည်သူတစ်ယောက်က စန္ဒကုမာရမင်းသားကို ခြေထောက်ဖက်ပြီး ကူညီပေးဖို့ အကူအညီတောင်းရာ မင်းသားက အမှုကို ပြန်စစ်ပေးတယ်။ အမှန်အတိုင်း ဆုံးဖြတ်ပေးတော့ တစ်နိုင်ငံလုံးက ကောင်းချီးသြဘာ ပေးကြတယ်။ ဒါကိုပဲ အန္ဓဗာလဖြစ်တဲ့ ခဏ္ဍဟာလပုဏ္ဏားက ငြိုးထားပါတယ်။ ရိုးရိုးအလှူလုပ်တာဟာ ရိုးရိုးဒါနပဲ ဖြစ်တယ်၊ အထူးဒါနလုပ်မှ အတိဒါန ဖြစ်ပြီး နတ်ပြည်ရောက်နိုင်မယ်လို့ ဟောပါတယ်။ ဘုရင်ကြီးကလည်း နတ်ပြည်ရောက်လိုဇောနဲ့ ပုဏ္ဏား အကြံပေးတဲ့အတိုင်း ယဇ်ပူဇော်တယ်။ စန္ဒကုမာရမင်းသားကိုလည်း ပုဏ္ဏားက စာရင်းထဲ ထည့်တာပေါ့။ အခု မဘသဆရာတော်များက အမျိုးဘာသာသာသနာကို ရိုးရိုးမစောင့်ရှောက်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖျက်ဆီးဖို့ ကြံရွယ်နေပုံမှာ ဒီဇာတ်တော်နဲ့ ကွက်တိပါပဲ။ ဦးအောင်သောင်းထုံးက ခဏ္ဍဟာလပုဏ္ဏားနဲ့ ကွက်တိပါပဲ။ သူတို့က အမှန်တရားကို လက်ခံတဲ့ စန္ဒကုမာရလို ဒေါ်အောင်ဆန်းစုကြည်ကို အငြိုးအတေးထားကြတာကိုး။
နောက်တစ်နည်းကို ပြောကြည့်ရင် မာဃလုလင်အကြောင်းပါ။ မာဃလုလင်ဟာ ကောင်းမှုကုသိုလ်ပဲ ပြုကြဖို့ ပရဟိတအဖွဲ့တစ်ခု ဖွဲ့စည်းထားပါတယ်။ ဒီအဖွဲ့ဟာ တံတားဆောက်၊လမ်းဖောက်၊ ရေတွင်းတူး၊ အကူအညီပေးတော့ ပြည်သူတို့က ထောက်ခံလာကြတယ်။ ဒါကို ဒေသခံအာဏာပိုင်တို့က သူတို့အာဏာကို ခြိမ်းခြောက်နေတယ်လို့ ရှုမြင်တော့ လုပ်ကြံဖို့ ကြိုးစားခဲ့တာပဲမဟုတ်လား။ ဝိပ္ပတ္တိခေတ်ဆိုတာ လူကောင်းတစ်ယောက်က ကောင်းကောင်း မနေနိုင်တဲ့ခေတ်လို့ အရှင်းဆုံး ပြောချင်တယ်။ အခုလို ခေတ်မျိုးပါပဲ။ ဒီလိုခေတ်မျိုး ရှိနေရင် ကံ၊ ကံအကျိုးကလည်း ကမောက်ကမ ဖြစ်နေမှာပဲ။ လူတွေက ကောင်းကောင်းနေရက်သားနဲ့ မင်းစိုးရာဇာတို့ ပေးတဲ့ ပြစ်ဒဏ်ကြောင့် ဒုက္ခရောက်နေကြရရင် ကံနဲ့ ကံရဲ့အကျိုးကို အနည်းနဲ့အများ သံသယ ဝင်ကုန်ကြမှာပဲ ဖြစ်တယ်။ ဥပမာအရ ပြောရရင် နာရဒဇာတ်တော်ကို ကြည့်ပါ။ အင်္ဂတိမင်းကြီးက ပျင်းနေလို့ ဘုရင်ကြီး ပျော်နည်းရှာကြရာ အလာတအမတ်က ပျင်းနေရင် စစ်တိုက်ပေါ့လို့ အကြံပေးတယ်။ ဒီကစားနည်းက အသေအပျောက်များလို့ ဘုရင်က မကြိုက်ချင်ဘူး။ သုနာမအမတ်က မိန်းမလှတွေ ခေါ်ပြီး သောက်စားမူးယစ်တာ ကောင်းပါတယ်လို့ အဆိုတင်သွင်းတယ်။ ဒါမျိုးက ရိုးနေပြီမို့ ဘုရင်က ပယ်ချတယ်။ ဝိဇယအမတ်က "မင်းမြတ် ရဟန်းတစ်ပါးပါးဆီ သွားပြီး စိတ်မှာ မရှင်းတဲ့ ကိစ္စ သွားမေးကြရအောင်"ဆိုတော့ ဒီအလုပ်မလုပ်ဖူးလို့ ဘုရင်က သဘောတူလိုက်တယ်။ ဇာတ်တော်ဖတ်ဖူးသူများ သိကြမှာပေါ့။ အလာတအမတ်ကြီးက စစ်ဝါဒီသမားဆိုတော့ ဒီဘုရင်က ရဟန်းကို ချဉ်းကပ်ရင် င့ါရဟန်းဆီရောက်အောင် ပြောမှ ဖြစ်မယ်ပေါ့။ သူ့ဆရာက ကဿပတက္ကတွန်းပါလေ။ ကဿပတက္ကတွန်းဆိုတာ ကံ၊ ကံရဲ့အကျိုးကို ယုံကြည်သူမှ မဟုတ်တာပဲ။ ဘုရင်က ဒီတက္ကတွန်းဆရာကို "တိုင်းပြည်ကို ကောင်းအောင် ဘယ်လိုအုပ်ချုပ်ရမလဲ၊ နတ်ပြည်ရောက်အောင် ဘယ်လိုကျင့်ကြံရမလဲ၊ အပါယ်မကျအောင် ဘယ်လိုရှောင်ရမလဲ" မေးလျှောက်ရာ ဥစ္ဆေဒဒိဋ္ဌိအယူရှိတဲ့ တက္ကတွန်းဆရာက " ကောင်းတာ လုပ်လည်း ကောင်းတာမဖြစ်၊ မကောင်းတာ လုပ်လည်း မကောင်းတာမဖြစ်၊ သူ့ဟာနဲ့သူ ဖြစ်လာတာ၊ သူ့ဟာနဲ့သူ ပြတ်သွားမှာပဲ၊ ၈၄-ကမ္ဘာလောက်ဆို အကုန်ပွဲသိမ်းပဲ၊ အကုန်စင်ကြယ်သွားမယ်၊ ဘာမှ မကျင့်နဲ့၊ စိတ်လွတ်ကိုယ်လွတ်နဲ့ ပျော်ပျော်ပါးပါးပဲ နေပါလေ"လို့ ဟောပါသတဲ့။ အသူ ခံ၊ လည်သူ စံတဲ့ သူ့အယူအဆကို ကြားရတော့ အလာတအမတ်က "မှန်လိုက်လေဘုရား၊ တပည့်တော်က ရှေးဘဝမှာ ဗာရဏသီက ပိင်္ဂလဆိုတဲ့ နွားသတ်သမားပဲ၊ အခု ကြည့်လေ စစ်သူကြီးအမျိုး၊ အမတ်မျိုးမှာ လာဖြစ်နေပါလေရောဘုရား"လို့ ထောက်ခံဆွေးနွေးလိုက်တယ်။
ဒီအခါ ဘေးနားမှာ ကျွန်တစ်ယောက် ဖြစ်တဲ့ ဆင်းရဲသားဗီဇကဆိုသူက ငိုယိုပါလေတော့တယ်။ "အရှင်ဘုရားစကားက သွေးထွက်အောင် မှန်ပါတယ်၊ တပည့်တော်ဘုရား အရင်ဘဝက သာကေတပြည်က သူဌေးကြီးပေါ့၊ အလှူရေစက် လက်နဲ့ မကွာခဲ့ပါဘူး၊ သီလနဲ့လည်း ပြည့်စုံခဲ့ပါတယ်၊ အခုကျတော့ဘုရား ဆင်းရဲသားဘဝ သူတစ်ပါးရဲ့ ကျွန်ဘဝကို ရောက်နေရပါပြီ၊ ဒါကြောင့် ကောင်းတာ ဘယ်လောက်ပဲလုပ်လုပ် ကောင်းကျိုးဆိုတာ မရှိပါဘူး"လို့ အဆိုးဘက်က ထောက်ခံလိုက်တော့ အင်္ဂတိမင်းကြီးက ကံ၊ ကံရဲ့အကျိုးဆိုတာ အလကားပဲ၊ ဒီနေ့က စပြီး ငါဟာ ဘာကိုမှ အရေးမစိုက်ဘူး၊ ပျော်ပျော်ပဲ နေတော့မယ်"လို့ ဆိုပြီး လုပ်နေကျအလှူကို မလုပ်တော့သလို ပရဟိတလုပ်ငန်းများကိုလည်း ပိတ်ပစ်ခဲ့ပါလေတော့တယ်။ သူ့သမီးရုစာဒေဝီက ဘယ်လောက်ပဲ ဖျောင်းဖျပါစေ လက်မခံတော့ပါ။ "နင်လည်း အဆာခံပြီး ဥပုသ်စောင့်မနေပါနဲ့၊ အလကားအလုပ်တွေ လျှောက်လုပ်မနေပါနဲ့"လို့တောင် ပြောလိုက်သေးတယ်။ အခု မြန်မာနိုင်ငံအဖြစ်ကို ကြည့်ရင် အဲ့လို ဖြစ်နေတယ်။ သူတို့က ဦးအံ့မောင်ကို ရခဲ့တယ်။ ဦးအောင်သောင်းကို ရခဲ့တယ်။ အခု ဦးဝီရသူကို ရခဲ့တယ်။ သူတို့ရဲ့ သက်သေတွေက အများကြီးပါပဲ။ ရာဇဝတ်မှုကို ကျူးလွန်ပေမဲ့ လွှတ်တော်မှာ အမတ်တက်ဖြစ်နေသူက အများကြီးပါပဲ။ အစိုးရရာထူးမှာလည်း မြဲနေသူတွေ အများကြီးပါပဲ။ အစိုးရကို ကပ်ထားနိုင်ရင် ဘာမကောင်းမှုကိုပဲ လုပ်လုပ် ဘေးမဖြစ်ဘူး။ တရုတ်ကြီးတွေတောင် အစိုးရနဲ့ အကပ်ကောင်းလို့ မြန်မာတစ်ယောက်ကို ပြန်ပေးဆွဲနိုင်သေးတာပဲ။ သံဃာသတ်တဲ့အစိုးရက သံဃာကို ဝေဖန်တဲ့ ပုဂ္ဂိုလ်ကို အာမခံတောင် မပေးဘူး။ သံဃာအချို့က တရားခံက ထောင်မကျမှာစိုးလို့ လာပြီး အကောင်ပြနေပါသေးတယ်။ သန်းရွှေကြီးတောင် အခုထိ အသက်ပြင်းနေပါသေးတယ်။ လူကောင်းတွေပဲ အစိုးရပေးတဲ့ဒဏ်၊ တော်လှန်ရေးဘဝက ရခဲ့တဲ့ ဒဏ်တွေနဲ့ တဖြုတ်ဖြုတ် သေကုန်ရတာ ဖြစ်တယ်။ အခု မဘသဆရာတော်တို့လည်း စစ်အစိုးရလုပ်ရပ်၊ သန်းရွှေလုပ်ရပ်၊ သိန်းစိန်လုပ်ရင်၊ မင်းအောင်လှိုင်လုပ်ရင်၊ ဦးအောင်သောင်းလုပ်ရပ် မှန်ကန်ကြောင်း၊ သူတို့ပဲ အစိုးရတာဝန် ဆက်ပြီး ထမ်းဆောင်စေလိုကြောင်း endorsement ပေးနေပါပြီ။ သူတို့ကို ထောက်ခံတဲ့အတွက်ကြောင့် သူတို့ကျူးလွန်ခဲ့တဲ့၊ ကျူးလွန်နေဆဲ၊ ကျူးလွန်တော့မဲ့ အကုသိုလ်ကံကို အသိုင်းနဲ့ အဝိုင်းနဲ့ ထောက်ခံလိုက်တာပဲဖြစ်လို့ ဦးဝီရသူတို့အုပ်စုဟာ ကဿပတက္ကတွန်းနဲ့ ခပ်ဆင်ဆင် ဖြစ်တယ်။
အရင်က ရေးဖူးတဲ့အတိုင်းပါပဲ။ ဗုဒ္ဓဘာသာအားကောင်းစေရေးအတွက် ကံ၊ ကံရဲ့အကျိုးကို ယုံကြည်နေဖို့ လိုပါတယ်။ အခု အစိုးရရဲု့လုပ်ရပ်ဟာ ကံ၊ ကံရဲ့အကျိုးကို ယုံကြည်စေဖို့ လုံးဝမဖြစ်ပါဘူး။ ကံ၊ ကံရဲ့အကျိုးကို သံသယပွားစေဖို့ပဲ ရှိပါလိမ့်မယ်။ ဒီလိုအစိုးရမျိုးကို ထောက်ခံကြောင်း တရားဝင်ကျေညာတဲ့ မဘသဆရာတော်အချို့ဟာ ဗုဒ္ဓဘာသာကို စောင့်ရှောက်ရာမရောက်ဘဲ ဖျောက်ဖျက်ရာ ရောက်ပါတယ်။ အကုသိုလ်ကံကို နေ့စဉ်နဲ့အမျှ ကျူးလွန်နေတဲ့ ဒီအစိုးရဟာ ဗုဒ္ဓဘာသာအစိုးရ မဟုတ်ဘူး။ မင်းကျင့်တရား (၁၀)ပါးနဲ့အညီ တိုင်းပြည်ကို မအုပ်ချုပ်တဲ့အစိုးရဟာ ဗုဒ္ဓဘာသာအစိုးရမဟုတ်ဘူး။ ဘုန်းကြီးကျောင်းကို ဖျက်၊ သိမ်ကို ရွှေ့၊ မီးလောင်းဗုံးကို ကျွေးတဲ့ အစိုးရဟာ ဗုဒ္ဓဘာသာအစိုးရမဟုတ်ဘူး။ ဒီအစိုးရကို ထောက်ခံသူ ဘုန်းကြီးများဟာ ဗုဒ္ဓဘာသာအတွက် မဟုတ်ဘူး။ သူတို့ရဲ့ ဂုဏ်သတင်းထင်ပေါ်မှုနဲ့ သူတို့ရဲ့ အတ္တနဲ့ မာန်မာနကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ သံဃာ့ပရိသတ်ရှေ့မှာ ကြုံးဝါးနေပုံမှာ ဗာရဏသီကို သိမ်းအံ့ ကြံပြီး ခြိမ်းခြောက်နေတဲ့ ခွေးအငယ်ကဲ့သို့ ဖြစ်ချေတယ်။ ဒကာ၊ ဒကာမတို့အနေနဲ့ ဒီအစိုးရနဲ့ ဒီဘုန်းကြီးများကို တားဆီးကြရပါလိမ့်မယ်။ သူတို့ပဲ ဒကာဒကာမတို့ကို သပိတ်မှောက်လို့ ရတာ မဟုတ်ဘူး။ ဒကာဒကာမတို့ဘက်ကလည်း သူတို့ကို သပိတ်မှောက်လို့ ရကြောင်း ခွင့်ပြုထားတာ ရှိတယ်။ ဝန်ချတောင်းပန်သူကို တရားရုံးပို့တာတစ်ခုထဲနဲ့ ဒီအုပ်စုကို ဆွမ်းမလောင်းတော့ကြောင်း သပိတ်မှောက်လို့ ရတယ်။ နောက်ဆုံးကျရင် နိုင်ငံရေးပါတီတွေ ကွဲပြားသလို ဒေါင်းဘုန်းကြီး၊ ဖွတ်ဘုန်းကြီးတွေလည်း ကွဲပြားကုန်မှာ မြင်ယောင်သေးတယ်။ ဒကာဒကာမတို့အနေနဲ့ ဆွမ်းမလောင်းခင် "ဆရာတော်ဘုရားက ကံ၊ ကံရဲ့အကျိုးကို ယုံပါသလားလို့ မေးပါ။ ယုံကြောင်း ဖြေရင် "အရှင်ဘုရားက ဘယ်ပါတီဝင်လဲဘုရားလို့ ထပ်မေးပါ။ ဖွတ်ဘုန်းကြီးဆို ဖွတ်အိမ်ကို ညွှန်းလိုက်ပါ၊ ဒေါင်းဘုန်းကြီးဆို ဒေါင်းအိမ်ကို ညွှန်းလိုက်ပါ။
Unlike ·  · 

No comments: