Sunday, December 21, 2014

ဂန္ဒီ


ဂန္ဒီ
Published on: December 21, 2014
Written by: နီမင်းဆွေ
ဂန္ဒီအဖြစ်သရုပ်ဆောင်ခဲ့သော အင်္ဂလိပ်ရုပ်ရှင်မင်းသား Ben Kingsley
နိုင်ငံရေးသမားတစ်ယောက်မှာ ကိုယ့်ကိုမုန်းတဲ့လူတွေရော ချစ်တဲ့လူတွေရော နှစ်မျိုးစလုံး အမြဲရှိနေတတ်ပါတယ်။ ကိုယ့်ကိုမုန်းတဲ့လူပဲရှိနေပြီး ချစ်တဲ့လူ မရှိတဲ့သူ၊ ဒါမှမဟုတ် ချစ်တဲ့လူပဲရှိနေပြီး မုန်းတဲ့လူမရှိတဲ့သူ ဖြစ်နေတယ်ဆိုရင် အဲဒီလူဟာ နိုင်ငံရေးသမားစစ်စစ် မဖြစ်နိုင်တော့ပါဘူး။ တကယ့် နိုင်ငံရေးသမားစစ်စစ်တစ်ယောက်ဟာ လူတွေ ကိုယ့်ကိုချစ်လာစေဖို့ မျှော်ကိုးပြီး တစ်စုံတစ်ရာကို လုပ်ဆောင်လေ့မရှိသလို လူတွေ ကိုယ့်ကို မုန်းသွားမှာကိုလည်း စိုးရိမ်ကြောင့်ကြဖြစ်နေလေ့ မရှိကြပါဘူး။ အဲဒီလိုလူမျိုးဟာ နိုင်ငံ့အကျိုးအတွက်သာ အဓိကထားပြီး ၀ါယမစိုက်ထုတ် လုပ်ဆောင်သွားကြလေ့ရှိပါတယ်။ ဒါ့ကြောင့် အဲဒီလို နိုင်ငံရေးသမားတွေဟာ ဘ၀နိဂုံးချုပ်ကာနီးအချိန်မှာ စည်းစိမ်ပစ္စည်းဥစ္စာဆိုလို့ ဘာမှမကျန်တတ်ခဲ့သလို ဘာရာထူးရာခံမှမရှိဘဲနဲ့ ဘ၀ကို နိဂုံးချုပ်သွားကြတာပဲ များပါတယ်။ ဒါပေမဲ့ သူတို့နဲ့ပတ်သက်တဲ့ မှတ်လောက်သားလောက် အရေးအကြီးဆုံးအရာတစ်ခု ကျန်ရစ်ခဲ့လေ့ရှိပြီး အဲဒါကတော့ သမိုင်းပါပဲ။
ဒါ့ကြောင့် အဲဒီလိုလူမျိုးတွေရဲ့ သမိုင်းကြောင်းကို လူတွေအမြဲ သတိရမှတ်မိနေကြရအောင် အဲဒီလိုပုဂ္ဂိုလ်ကြီးတွေရဲ့ အထ္ထုပ္ပတ္တိဇာတ်လမ်းတွေကို ရုပ်ရှင်ရိုက်ကူးကြရတယ်။ အဲဒီလိုရိုက်ကူးကြရာမှာလည်း ဟိုလိုရိုက်မယ် ဒီလိုရိုက်မယ်နဲ့ အငြင်းပွားကြရလေ့ရှိတာဟာ ဓမ္မတာပါပဲ။ ဒီဇာတ်ကားကို ရုပ်ရှင်အနုပညာဆန်ဆန် ရိုက်မလား၊ ဒါမှမဟုတ် သမိုင်းကိုဦးစားပေးပြီး အချက်အလက်မှန်ကန်အောင် ရိုက်မလားလို့ ငြင်းကြရတာပဲ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ အဲဒီလိုငြင်းခုံကြရင်းနဲ့ပဲ “ဂန္ဒီ” (Gandhi) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားဟာ ၁၉၈၂ ခုနှစ်မှာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးဖို့ “ရစ်ချဒ်အပ်တင်ဘရာ”(Richard Attenborough) ဆိုတဲ့ အင်္ဂလိပ်လူမျိုး ရုပ်ရှင်ဒါရိုက်တာတစ်ဦးဟာ ၁၉၅၂ ခုနှစ်ကတည်းက စတင်ကြိုးစားလာခဲ့တာပါ။ အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ် “ပန်ဒစ်နေရူး”ဆီက ခွင့်ပြုချက်ရခဲ့ပေမယ့် ၀န်ကြီးချုပ်ဟာ ၁၉၅၄ ခုနှစ်မှာ ကွယ်လွန်သွားတဲ့အတွက် လမ်းစပျောက်ခဲ့ရပါတယ်။ နောက်တစ်ခါ ၁၉၆၂ ခုနှစ်မှာလည်း အိန္ဒိယနိုင်ငံရဲ့ အဲဒီတုန်းက ၀န်ကြီးချုပ်ဖြစ်နေသူ “ဂျဝါဟလာနေရူး” (Jawaharlal Nehru) ဆီက ခွင့်ပြုချက်ရအောင် ဆောင်ရွက်နိုင်ခဲ့ပေမယ့် နေရူးဟာလည်း ၁၉၆၄ ခုနှစ်မှာ ကွယ်လွန်သွားပြန်တာမို့ အခက်တွေ့ရပြန်ပါတယ်။
ဒါ့အပြင် အခက်အခဲပြဿနာမျိုးစုံနဲ့ ဒါရိုက်တာ ရင်ဆိုင်ကြုံတွေ့ခဲ့ရလို့ ရုပ်ရှင်စရိုက်ဖို့ကြိုးစားတဲ့ အချိန်ကာလကနေ စရေတွက်ရင် ၂၈ နှစ်ကြာသွားပြီး ၁၉၈၀ ပြည့်နှစ်ရောက်တော့မှ ဒီဇာတ်ကားကို စရိုက်ဖြစ်တာဖြစ်တယ်။ ၀န်ကြီးချုပ် “အင်ဒီရာဂန္ဒီ”ကလည်း “အိန္ဒိယအမျိုးသားရုပ်ရှင်ဖွံ့ဖြိုးမှု ကော်ပိုရေးရှင်း” (National Film Development Corporation of India) ရဲ့ ရန်ပုံငွေထဲက လက်ကျန်ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်းကို ဒီရုပ်ရှင်ရိုက်ကူးမယ့်အထဲ ထည့်ဝင်ပေးခဲ့တဲ့အတွက်လည်း အတော်အသက်ရှူချောင်သွားခဲ့ရပါတယ်။
အဲဒီရုပ်ရှင်ဇာတ်လမ်းကို ၃၀-၁-၁၉၄၈ ရက်နေ့က မဟတ္တမဂန္ဒီ လုပ်ကြံခံရတဲ့ ဇာတ်ဝင်ခန်းနဲ့ စပြီးဖွင့်ပါတယ်။ ညနေပိုင်း ဘုရားဝတ်ပြုဆုတောင်းပွဲလုပ်ဖို့ အိမ်ကထွက်လာတဲ့ အသက် ၇၉ နှစ်အရွယ် “ဂန္ဒီကြီး” (Gandhiji) ကို မြေးတူမလေး နှစ်ယောက်က အပြင်တွဲထုတ်လာပါတယ်။ အဲဒီလိုထွက်အလာ ဂန္ဒီကို လာရောက်ပြီးကြည်ညိုကြသူတွေထဲမှာ “နာသူရမ်ဂိုဆဲ” ဆိုတဲ့လူလည်း ပါလာပါတယ်။ သူဟာ ဂန္ဒီကြီးရဲ့ ခြေရင်းကို ၀ပ်တွားပြီး ကန်တော့လိုက်တဲ့အတွက် လမ်းပိတ်ထားလိုက်သလို ဖြစ်သွားလို့ ကလေးမလေးတစ်ယောက်က “အစ်ကိုကြီး လမ်းဖယ်ပေးပါဦး၊ အဘိုး ဆုတောင်းပွဲလုပ်ဖို့ အခုတောင် တော်တော်နောက်ကျနေပြီ”လို့ ပြောလိုက်ပါတယ်။ အဲဒီအခါမှာ ဂိုဆဲက ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ဂန္ဒီရဲ့ရင်ဝကို ပစ္စတိုသေနတ်နဲ့ အနီးကပ် သုံးချက်ဆင့်ပစ်လိုက်တော့တာပါပဲ။ ဂန္ဒီကြီးဟာ “အမယ်လေး ဘုရား..” လို့ တစ်ခွန်းသာညည်းတွားနိုင်ပြီး လဲကျသွားပါတော့တယ်။ နောက် နှစ်နာရီအကြာ ဆေးရုံပေါ်မှာ ကွယ်လွန်သွားရှာတော့တာပါပဲ။
နောက်တစ်ခန်းမှာတော့ ဂန္ဒီရဲ့ ဈာပန ကို လိုက်ပါပို့ဆောင်ကြတဲ့လူအုပ်ကြီးကို တွေ့ရပါတယ်။ ဒီလို လူအုပ်ကြီးဖြစ်လာဖို့ လူပေါင်းသုံးသောင်းကျော်ကို ငှားရမ်းခဲ့ရတာပါ။ ဒါ့ကြောင့် သရုပ်ဆောင်အများဆုံး ငှားရမ်းရတဲ့ ရုပ်ရှင်ဇာတ်ကားအဖြစ် “ဂင်းနက်စ်မှတ်တမ်း” ထဲကိုလည်း မမျှော်လင့်ဘဲ စာရင်းဝင်သွားခဲ့ရပါသေးတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ဂုဏ်သရေရှိပုဂ္ဂိုလ်ကြီးတွေ တက်ရောက်ကြပုံအကြောင်းကိုလည်း ရုပ်ရှင်က သေသေချာချာ ရိုက်ကူးပြခဲ့ပါတယ်။
ဂန္ဒီရုပ်ရှင်ဇာတ်ကားဟာ အဆိုပြု အော်စကာ ၁၁ ဆု လျာထားခံခဲ့ရပြီး အကောင်းဆုံးဇာတ်ကား၊ အကောင်းဆုံးဒါရိုက်တာ၊ အကောင်းဆုံး အဓိကအမျိုးသားသရုပ်ဆောင်အပါအ၀င် အော်စကာဆု ရှစ်ဆုရခဲ့ပါတယ်။ ဘယ်အချိန် ပြန်ကြည့်ကြည့် ကောင်းနေပြီး မရိုးနိုင်ဘဲ ရသမြောက်နေတာကိုလည်း တွေ့ရပါတယ်။
ဒီဇာတ်ကားကိုရိုက်သွားတဲ့ ဒါရိုက်တာဟာ အင်္ဂလိပ်လူမျိုးစစ်စစ်ဖြစ်ပေမယ့် ဘယ်ဘက်ကိုမှ ဘက်မလိုက်ဘဲ ဖြစ်စဉ်တွေကို ရိုက်ကူးတင်ဆက်ရာမှာ ပီပြင်လွန်းလို့ ကြည့်ရတဲ့ လူတွေရဲ့ ချီးမွမ်းထောမနာပြုတာကို ခံရပါတယ်။ ဖြစ်စဉ်တွေများပြီး ရှုပ်ထွေးနေတဲ့ကြားထဲက တကယ်အရေးကြီးတဲ့ အခန်းတွေကိုသာ ရွေးချယ်ပြီး အဆက်အစပ်ရှိရှိ အချိတ်အဆက်မိမိ ရိုက်ကူးသွားနိုင်တာကလည်း သူ့ရဲ့ထူးခြားတဲ့ အရည်အချင်းတစ်ရပ်ပါပဲ။ ဂန္ဒီလုပ်ကြံမခံရမီအချိန်မှာ ဟိန္ဒူနဲ့မူစလင် ဘာသာရေးအုပ်စုကြီး နှစ်စုကွဲနေပြီး အဓိကရုဏ်းတွေလည်း အကြီးအကျယ်ဖြစ်နေကြပါ တယ်။ အဲဒီရင်ကြားကိုစေ့အောင် ဂန္ဒီဆောင်ရွက်သွားပုံအကြောင်း ရိုက်ကူးတင်ပြသွားပုံတွေဟာလည်း ပြောင်မြောက်လွန်းလို့ ကြည့်ရသူတွေရဲ့ရင်ထဲမှာ အလွန်တရာမှ နှစ်သက်ကြည်နူးရပါတယ်။
ပါကစ္စတန်က ၁၄-၈-၁၉၄၇ ရက် အိန္ဒိယက ၁၅-၈-၁၉၄၇ ရက်မှာ နှစ်နိုင်ငံဟာ အသီးသီးလွတ်လပ်ရေးရသွားကြပါတယ်။ အဲဒီအချိန်ကတည်းက ဟိန္ဒူနဲ့ မူစလင်တွေအကြားမှာ အကျိတ်အခဲတွေ အတော်လေးကြီးမားနေပါတယ်။ ကိုယ့်သားကို သူများကသတ်၊ သူများသမီးကို ကိုယ်က ပြန်သတ်နဲ့ လက်စားချေဇာတ်လမ်းတွေကလည်း မဆုံးနိုင်တော့ပါဘူး။ ဂန္ဒီက ဒီအတိုင်းသာ အာဃာတတွေပွားပြီး အပြန်ပြန်အလှန်လှန် ဆက်သတ်နေကြဦးမယ်ဆိုရင် သူလည်းပဲ သေတဲ့အထိ အစာငတ်ခံလိုက်တော့မယ်ဆိုပြီး ဘာမှမစားဘဲ နေလိုက်ပါတော့တယ်။ နှစ်ဖက်ခေါင်းဆောင်တွေရဲ့ စည်းရုံးလှုံ့ဆော်မှုကြောင့် အဓိကရုဏ်းတွေ လုံးဝရပ်တန့်သွားပါတယ်။ ဒါနဲ့ အစာပြန်စားပြီး အားမွေးနေချိန်မှာပဲ အခုလိုလုပ်ကြံခံလိုက်ရတာပါ။ ပါကစ္စတန်ကို ဒီလောက်တောင် ဦးစားပေးရကောင်းလားဆိုပြီး မကျေနပ်တဲ့ အစွန်းရောက် “ဟိန္ဒူမဟာဆာဘာ”အဖွဲ့ဝင်တချို့က ဒီလုပ်ကြံမှုကို စီမံခဲ့ကြတာ ဖြစ်ပါတယ်။ ဂိုဆေးလည်း နောက်တစ်ပတ်အကြာမှာ သေဒဏ်ကျခံသွားရပါတယ်။
“သမိုင်းကိုပြန်ပြောင်းကြည့်ရင် အာဏာရှင်တွေနဲ့ လူသတ်သမားတွေဘက်က အနိုင်ရမလိုလိုထင်ရပေမယ့် နောက်ဆုံးတော့ သူတို့တစ်တွေဟာ ကျဆုံးကုန်ကြရပြီး မေတ္တာတရားနဲ့ အမှန်တရားကသာ အမြဲအောင်ပွဲခံလေ့ရှိတယ်} ဆိုတဲ့စကားဟာ ဂန္ဒီရဲ့လက်သုံးစကားဖြစ်ပါတယ်။ မကွယ်လွန်ခင် ရက်ပိုင်းလေးကပဲ “တကယ့်စစ်ပွဲက မင်းတို့ရင်ထဲမှာရှိနေတဲ့ အမုန်းတရားတွေကိုပဲ တိုက်ရမှာဖြစ်တယ်၊ ဒါမှသာ ငြိမ်းချမ်းရေးရနိုင်မှာ”လို့ လက်အောက်ငယ်သားတွေကို ပြောခဲ့ပါသေးတယ်။
ဒီလိုအတွေးအခေါ်အယူအဆတွေကို ပိုင်ဆိုင်သူမို့လည်း နိုဘယ်လ်ဆုရသိပ္ပံပညာရှင်ကြီး “အဲလ်ဘတ်အိုင်းစတိုင်း”က “ဒီလိုလူမျိုး ကမ္ဘာပေါ်မှာတကယ်ရှိခဲ့တယ်” လို့ ပြောရင်တောင် နောင်တစ်ချိန်မှာ မျိုးဆက်သစ်လူငယ်တွေ ယုံနိုင်ကြမယ်မထင်ဘူး” လို့ ဂန္ဒီကြီးအပေါ် ချီးမွမ်းစကား ဆိုခဲ့ပါသေးတယ်။
ဒါ့ကြောင့် “အဓမ္မ၀ါဒီတွေအပေါ် မေတ္တာတရားနဲ့ အမှန်တရားဆိုတဲ့ ဓမ္မတရားကပဲ အနိုင်ယူသွားလေ့ရှိတယ်” ဆိုတဲ့ အသိတရားကိုရရှိစေတဲ့အတွက် ဂန္ဒီရုပ်ရှင်ဇာတ်ကားဟာ အိန္ဒိယပြည်သူတွေအတွက်သာမကတော့ဘဲ ကမ္ဘာသူကမ္ဘာသားအားလုံးအတွက်ပါ အကျိုးဖြစ်ထွန်းစေနိုင်ခဲ့တာပါလို့ပြောရင် အားလုံးက လက်ခံကြလိမ့်မယ် ထင်ပါတယ်။
Unlike ·  · 

No comments: