Tuesday, January 6, 2015

အတွေးအခေါ်အသစ်နဲ့သာ စနစ်သစ်ရောက်နိုင်မယ်

အတွေးအခေါ်အသစ်နဲ့သာ စနစ်သစ်ရောက်နိုင်မယ်

(မြန်မာ့ခေတ်သတင်းဂျာနယ်မှ)

ထူးထူးခြားခြား  (၆၇)နှစ်မြောက် လွတ်လပ်ရေးအခန်းအနားကို သမတ ဗိုလ်ရှုခံနဲ့ကျင်းပတော့ ပြည်သူတွေဇဝေဇ၀ါဖြစ်ကုန်တယ်။

 မင်းပေါင်းစုံစုံညီညီ.၊ ဗိုလ်ရှုခံနန်းခမ်းမဆီ..လျှောင်းပကြိုင်စရာပါနော်×××နိုင်ငံတော်သမတကြွချီ××××.
အောင်လံတော်ကိုအလေးပြုရသည် ××××.ဗိုလ်ရှုသဘင် ဆင်ရင်တဲ့အခါမှီ ကြည်းရေ လေ စစ်သမီးမကျန်ရ ဗမာ့တပ်မတော်စုံစုံညီ ချီတက်ခါမနှေး အလေးပြုရသည်××××

 တော်လှန်ရေးနေ့ကို တပ်မတော်နေ့လို့အစားထိုးပြီး စစ်ရေးပြချိန်တိုင်းမြန်မာ့အသံကလွှင့်နေကျ အဆိုတော်မြသက်မူရဲ့ ဗိုလ်ရှုသဘင်သီချင်းလေးတောင် ပြန်လည်ကြားယောင်လာတယ်။

  ပဟေဠိများ

ပါလီမန်ဒီမိုကရေစီခေတ်ကလွတ်လပ်ရေးနေ့တိုင်း သမတကို စစ်ဦးစီးအဖွဲ့တွေက ချီတက်အလေးပြုခဲ့တဲ့ အစဉ်အလာမျိုးရှိခဲ့ပေမယ့်သမတဦးသိန်းစိန်အစိုးရတက်ပြီး ၃နှစ်မြောက်၊ရှုတ်ထွေးနေတဲ့ နိုင်ငံရေးရာသီထဲ  ဗိုလ်ရှုခံပွဲကျင်းပတော့ အများစိတ်မှာ တွေးစရာတွေဖြစ်လာတာပါ။
အစိုးရ၊ပြည်ခိုင်ဖြိုး၊ လွှတ်တော်၊ ကာချုပ် ဆိုပြီး အုပ်စုကွဲတွေပေါ်ပေါ်လွင်လွင်ဖြစ်လာတဲ့အချိန်ဗိုလ်ရှုခံပွဲဟာ သမတနဲ့ ကာချုပ်တို့ ကျောချင်းကပ်ထားတဲ့သဘောဖြစ်တယ်၊ သမတ ဒုတိယသက်တမ်းဆက်ထမ်းချင်တဲ့ဟန်ရေးပြမှုဖြစ်တယ်၊တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အတိုက်အခံအင်အားစုတွေကို အားစမ်းမှုလည်းဖြစ်တယ်၊ တပ်မတော်ဟာသမတသြဇာအောက်မှာ ရှိတယ်ဆိုတဲ့သင်္ကေတလည်းဖြစ်တယ်လို့ အမျိုးမျိုး ဝေဖန်သုံးသပ်ကြတယ်။

သေချာတာတခုကတော့ယခင်က မတ်လ ၂၇မှာပဲ တပ်မတော်နေ့ဆိုပြီး ငွေကုန်ကြေးကျခံ စစ်ရေးပြ ဟန်လုပ်နေခဲ့ရာက ယခ္ခုတဖန်လွတ်လပ်ရေးနေ့မှာပါ ဗိုလ်ရှုခံပွဲလုပ်နေတာက ငွေသန်းထောင်နဲ့ချီဆက်အကုန်ကျခံပြီး ပြည်သူ့ဘဏ္ဍာငွေတွေအလဟဿဖြုန်းတီးမှုပါပဲ။ အာဏာရှင်တို့ လုပ်နည်းလုပ်ဟန်အတိုင်းခြေရာထပ်ယူတာပါပဲ။ အမြှောက်လက်နက်တကားကား၊ရဟတ်ယာဉ်ကြီးတွေဝဲပြ၊ နေပူထဲ ယူနီဖောင်းတွေနဲ့ စစ်ရေးပြနေတာ ဘယ်သူ့အတွက်လဲ။ ဆင်းရဲမွဲတေမှုတိုက်ဖျက်ချင်တဲ့ သမတကို ဗိုလ်ရှုခံပွဲနဲ့ ငွေကျပ်သန်းတထောင် သုံးဖြုန်းမှုဟာ ဘယ်သူ့အကျိုးအတွက်လဲဆိုတဲ့မေးခွန်းထုတ်ရမှာပါ.။ အချိန်ကုန်၊ ငွေကုန် လူပင်ပမ်းပြီး ပြည်သူလူထုအတွက် တစိုးတစိမအကျိုှးမရှိပါ။

လက်တွေ့ကျတဲ့ ပြုပြင်ပြောင်းလဲရေးလိုအပ်

မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ်- UNDP ရဲ့ အစီရင်ခံချက်တခုမှာ

နိုင်ငံသား၎ဦးထဲက တဦးဟာ ဆင်းရဲမွဲတေနေပါသတဲ့။
ခလေးသူငယ်၅ယောက်မှာ ၂ယောက်က အစာအဟာရချို့တဲ့နေတယ်။
 ကိုယ်ခန္ဓာအလေးချိန်စံချိန် မပြည့်မှီတဲ့ ၅နှစ်အောက်ခလေးသူငယ်က၄၃.၇ ရာခိုင်နှုံးရှိနေတယ်။ဒီထက်များကောင်းလည်း များနိုင်သေးတယ်။
မြန်မာနိုင်ငံကျေးလက်ဒေသတွေရဲ့ ၈၄ရာခိုင်နှုံးက အလွန်အမင်းဆင်းရဲချို့တဲ့စွာ နေထိုင်စားသောက်နေရတယ်။လူကြီးတွေကိုယ်တိုင် အဟာရချို့တဲ့ပြီး ခန္ဓာကိုယ်ကြုံလှီသေးကွေးမှု၊ ရောဂါဘယစွဲကပ်လွယ်မှု၊သက်တမ်းတိုမှု၊ငှက်ဖျား၊ တီဘီ၊ HIV ဝေဒနာခံစားရမှုမြင့်မားနေတယ်။
 အထူးသဖြင့်လမ်းပမ်းဆက်သွယ်ခက်ခဲတဲ့ တိုင်းရင်းသားများနေထိုင်ရာစစ်ဘေးသင့်ဒေသတွေမှာ ဆင်းရဲမွဲတေမှု မြင့်မားတယ်။
လူဦးရေရဲ့အချိုးနဲ့ ခန့်မှန်းတွက်ဆချက်အရ ဆင်းရဲမွဲတေမှုဟာ ချင်းပြည်နယ်မှာ ၇၃ရာခိုင်နှုံး၊ ရခိုင်ပြည်နယ်မှာ  ၄၄ရာခိုင်နှုံး၊ တနင်္သာရီ နဲ့ ရှမ်းပြည်နယ်မှာ ၃၃ရာခိုင်နှုံး၊ ဧရာဝတီတိုင်းမှာ ၃၂ ရာခိုင်နှုံးလို့ UNDP အစီအရင်ခံစာက ဆိုတယ်။ အမှန်တကယ်စာရင်းဇယား အတိအကျကောက်မယ်ဆို ဒီထက်မြင့်တဲ့ကိန်းဂဏန်းတွေတွေ့ရမယ်။

   နိုင်ငံရေးလှိုင်းထန်ဆဲ

ကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့မြန်မာနိုင်ငံဆိုင်ရာ ၂၀၁၄-၂၀၁၅ အတွက် ကုန်သွယ်ဖွံဖြိုးမှုဆိုင်ရာလုပ်ငန်း အစီအရင်ခံစာတခုမှာ
 ပြည်တွင်းစစ်ပွဲကြောင့်
လူဦးရေ၆၃၀ ၀၀၀ ဟာ အိုးမဲ့အိမ်မဲ့ဖြစ်နေတယ်။  မြန်မာဒုက္ခသည်၄၁၅ ၀၀၀ ဟာ အိမ်နီးချင်းနိုင်ငံ နယ်စပ်မှာ ချို့တဲ့ ဆင်းရဲစွာ နေထိုင်ရတယ်။ ကချင်ပြည်နယ်မှာလွန်ခဲ့တဲ့ ၂နှစ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည် တသိန်းလောက် တိုးလာတယ်။
အမျိုးသမီးနဲ့ခလေးသူငယ်တွေများပြားနေတယ်။ရောဂါဝေဒနာတွေခံစားနေရတယ်။
ထိုင်းမြန်မာနယ်စပ်ကဒုက္ခသည် တွေသိန်းနဲ့ချီရှိသေးတယ်။ နေရပ်ရင်းပြန်ပို့ဖို့ အစီအစဉ်တွေ ကြန့်ကြာနေတုန်း။အိုးမဲ့အိမ်မဲ့အများအပြား မျော်လင့်ချက်မဲ့ပြီး တစတစသေဆုံးနေပြီ.။ ခလေးဘ၀ကစလို့ ကွယ်လွန်ချိန်ထိစစ်ပွဲတွေနဲ့ချည်းထိတွေ့ကြီးပြင်းလာတဲ့ တိုင်းရင်းသားပြည်သူတွေဘ၀ဟာ ကယ်သူမဲ့နေဆဲ။ ငြိမ်းချမ်းရေးကိုဈေးဆစ်နေကြတုန်းပါ။

နိုင်ငံရဲ့သယံဇာတကိုပြည်သူကမခံစားရပါ။ အင်္ဂလိပ်ကျွန်ခေတ်က နှစ် ၁၀၀ကျော်၊ လွတ်လပ်ရေးရပြီး မတည်မငြိမ်နိုင်ငံရေးနဲ့  ပြည်တွင်းစစ်ကာလက ၁၅နှစ်နီးပါး၊ တပါတီစစ်အာဏာရှင်အောက်နေထိုင်ခဲ့ရတာက၄၈နှစ်အနေအထားကိုသုံးသပ်ကြည့်ပါ။   သမတဦးသိန်းစိန်ရဲ့နှစ်သစ်ကူးမိန့်ခွန်းမှာ လူမှုဘ၀ စီးပွားဖွံ့ဖြိုးရေးလုပ်ငန်းတွေအကောင်အထည်ဖော်ရာမှာအောင်မြင်မှုတွေရရှိခဲ့တယ်လို့ ဆိုပါတယ်။ သိသာထင်ရှားတဲ့ အောင်မြင်မှုတွေဘာလဲဆိုတာ အဖြေရှာဖို့လိုပါတယ်။
UNDPအစီရင်ခံစာမှာ လျှပ်စစ်မီးသုံးစွဲနိုင်တဲ့ ပြည်သူ ၂၆ ရာခိုင်နှုံးသာရှိတယ်။
ထင်းမီး၊မီးသွေး၊ သုံးစွဲမှုမြင့်မားလို့ သဘာဝအရင်းအမြစ်သစ်တောဆုံးရှုံးမှုဖြစ်နေတယ်။
ရာသီဥတုပြောင်းလဲတဲ့ဒါဏ်နဲ့နာဂစ်မုန်တိုင်းလို ပြင်းထန်တဲ့ မိုးလေ၀သ ဒါဏ်ကို ထိခိုက်ခံစားလွယ်တဲ့ နိုင်ငံတခုဖြစ်တယ်။အချိန်မရွေး ဘေးဒုက္ခကျရောက်နိုင် တဲ့စိန်ခေါ်မှုတွေကို သက်ဆိုင်ရာဒေသအတွင်း ကြိုတင်ပြင်ဆင်ထားမှုမရှိပါဘူးလို့အတိအလင်းဖော်ပြထားတယ်။
ပြီးတော့နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုက မှန်းချက်နဲ့ နှမ်းထွက်မကိုက်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာနည်းဥပဒေတွေက လက်တလုံးခြားကိုယ့်ဘက်ကိုယ်ယက်ထားတယ်။ ကျင့်ဝတ်နဲ့ အာမခံမှု နိုင်ငံတကာစံချိန်မမှီတော့ကုမ္မဏီအများ တွန့်ဆုတ်နေပုံရတယ်။အထူးသဖြင့် အကျင့်ပျက်ခြစားမှု။
နယ်ပယ်အသီးသီးမှာထောက်ပြဝေဖန်စရာဆုတ်ယုတ်မှုတွေချည်းပဲ.။
အဲဒီလိုတိုင်းပြည်မှာ ပြည်သူတွေ အိုးအိမ်မဲ့၊ လယ်ယာမဲ့၊ အလုပ်လက်မဲ့ နေစရာမရှိတဲ့အချိန်၊ အများပြည်သူကုန်းကောက်စရာမရှိအောင်ဆင်းရဲမွဲတေနေချိန်မှာ…ပိုက်ဆံတွေထားစရာမရှိ၊ ပြိုင်ကားတွေထည်လဲစီး၊ ကြီးပွားချမ်းသာပြီး၊ အဆင့်မြင့်မြင့်ဥစ္စာဓနပိုင်ဆိုင်နေမှုကို အထင်ကြီးစရာလား၊ အထင်သေးစရာလား မေးခွန်းထုတ်ကြည့်ပါ။

လက်နက်မလိုဘူး၊ စာသင်ကျောင်းသာလိုတယ်။

နိုင်ငံကလည်းကြီးမား၊စစ်အင်အား၊ လူအင်အား၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဓနအင်အားကြီးကြီး ပိုင်ဆိုင်သလို မိမိတို့ထက်သမိုင်းအစဉ်နဲ့ယဉ်ကျေးမှု၊ စီးပွားရေး၊ နည်းပညာ၊ သိပ္ပံအစွမ်း အဆမတန်ကြီးမားထက်မြက်တဲ့အိမ်နီးချင်း နိုင်ငံကြီး ၂ခုကြားမှာ ကျနော်တို့က အမြှောက်လေးနည်းနည်း၊ လေယာဉ်လေးနှစ်စီးစသုံးစီးစ နဲ့ ဂုဏ်မောက်နေရမယ့်ခေတ်မဟုတ်။ တကယ့်လိုအပ်ချက်က စစ်သားတွေမွေးထုတ်ဖို့လည်းမဟုတ်၊ပညာတတ်တွေအလျှံပယ် မွေးထုတ်ဖို့သာဖြစ်တယ်။ ဒီကနေ့ထိ စာမတတ်တဲ့ နိုင်ငံသားတွေအများကြီးကျန်နေသေးတယ်။
မီဇိုင်းဒုံးကျည်တလုံးအတွက်ကျသင့်ငွေနဲ့ မူလတန်းကျောင်းတကျောင်းက ခလေးတွေကို ၅နှစ်တိတိ နေ့လည်စာကျွေးလို့ရတယ်ဆိုတဲ့စစ်တမ်းလေးတခုဖတ်ဖူးတယ်။ မြန်မာနိုင်ငံမှာ ပညာရေးအသုံးစရိတ်ကို စစ်စရိတ်ထက်ပိုမိုသုံးစွဲဘို့လွှတ်တော်မှာတောင် ဆုံးဖြတ်နိုင်ခဲ့ရဲ့လား။
ဒီစစ်ပွဲတွေ၊လက်နက်တွေက ပြည်ပရန်ကိုတိုက်နေတာလား၊ တိုင်းရင်းသားညီအကိုချင်းစစ်ခင်းနေတာလား လို့တပ်မတော်သားတွေကိုယ်တိုင်လည်း မေးခွန်းထုတ်လာပါပြီ။

မျိုးဆက်သစ်တွေကိုနေရာပေးပါ။

ဒီမိုကရေစီစနစ်ဆီအသွင်ကူးနေပါတယ်ဆိုပေမယ့်တကယ့်ပြောင်းလဲလိုစိတ်ကော အစိုးရ အာဏာကိုင်တွေမှာ ရှိသေးရဲ့လားဆိုတာ အများက သံသယရှိနေတယ်။ဒီမိုကရေစီစနစ်နဲ့ စိတ်ဓာတ်ဆိုတာကိုဘေးချထားအုံး၊ လူအချင်းချင်း ယိုင်းပင်းကူညီရမယ့်၊ကိုယ်ချင်းစာရမယ်ဆိုတဲ့  လူ့သားတယောက်ကျင့်သုံးရမယ့်အခြေခံကျင့်ဝတ်နဲ့အသိတွေတောင် ကျနော်တို့ လူမှုနယ်ပယ်မှာ အဆမတန်ယုတ်လျှော့လာနေပါပြီ။ Mind-set (ပုံသေအတွေးအခေါ်) တွေနဲ့ အကင်းသေနေကြသူတွေကို နေရာမပေးသင့်တော့ပါ။ အသစ်လိုလားသူတွေကသာ အပြောင်းအလဲသစ်ဆီ တွန်းရွှေ့လှုပ်ရှားနိုင်မှာပါ။
 အာဏာရှင်စနစ်ထဲက ယန္တရားအစိတ်အပိုင်းလိုဖြစ်နေတဲ့လူကြီးတော်တော်များများမှာ စရိုက်သဘာဝတွေလည်း ပျက်ဆီးနေပါပြီ။သူတို့တင်မက ရာစုနှစ်ဝက်လောက်အာဏာရှင်စနစ်အောက်နေထိုင်ခဲ့ရတဲ့ ပြည်သူတွေမှာတောင်  အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစား၊ အချောင်ရလိုစိတ်တွေကနယ်ပယ်တိုင်းမှာကြီးထွားလာနေပါတယ်။စည်းမယ့်ကမ်းမယ့်အကျင့်စရိုက်တွေနဲ့ အသားကျကုန်ပါပြီ။

      အတွေးသစ်နဲ့ ရဲရဲပြုပြင်

ဒီတော့ပညာတတ် မျိုးဆက်သစ်တွေ မွေးထုတ်ဖို့ လိုနေသလို အာဏာရှင်တွေ  စနစ်တကျမွေးမြူထားတဲ့ အာဏာရှင် အတွေးအခေါ်စရိုက်လက္ခဏာပါတဲ့မျိုးဆက်တွေရဲ့ လွဲချော်နေတဲ့ အတွေးအမြင်တွေကိုလည်း ပြုပြင်ပြောင်းလဲပေးဘို့ လိုအပ်ပါတယ်။အပြောင်းအလဲကို ပညာရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်တွေက ဟန်ချက်ညီဖော်ဆောင်နိုင်ဖို့လိုတယ်။ ခေတ်စနစ်အသစ်ကိုသွားမယ်ဆို အတွေးသစ်၊ စိတ်သစ်၊နည်းဟန်အသစ်နဲ့သာရဲရဲဝန့်ဝန့်သွားနိုင်မှာပါ။  အကျင့်ဟောင်း၊စိတ်ဓာတ်ဟောင်းကို အသစ်နဲ့အစားထိုးဖို့ အပြောလွယ်ပေမယ့် ခက်ပါတယ်။ ဂျာအေးသူ့အမေရိုက်တတ်တယ်။ဒါကြောင့် လုပ်ရဲကိုင်ရဲပြုပြင်ရဲတဲ့ သတ္တိကောင်းဖို့လိုတယ်။ ဖျက်စရာရှိဖျက်၊ ဖြုတ်စရာရှိဖြုတ်၊အစားထိုးစရာကို ရဲရဲအစားထိုးဖို့လိုတယ်။
ဒီကနေ့သမတ ဦးသိန်းစိန် အစိုးရသက်တမ်း တနှစ်သာကျန်ပါတော့တယ်။ ယခင် ၃နှစ်တာကာလလို အုတ်ရောရောသဲရောရောနဲ့ ရေလိုက်ငါးလိုက် တုံဌိဘာဝေ နေလို့မရတော့ပါ။ သိသာထင်ရှားပြီး အကောင်းဘက်ရှေ့ရှုတဲ့အပြောင်းအလဲကို အမြန်ဆုံး လုပ်ရပါတော့မယ်။ ဒါမှလည်း ယုံကြည်မှုပျက်ပြားနေတဲ့ အစိုးရနဲ့ ပြည်သူအကြား နားလည်မှုရပြီးအတိုက်အခံတွေနဲ့ ပြန်လည်သင့်မြတ်မှုကို အားထုတ်နိုင်မှာပါ။
လွတ်လပ်ရေးနေ့ညစာစားပွဲမှာ  အပြုံးတုတွေနဲ့ ဟန်ဆောင်လက်ဆွဲနှုတ်ဆက်ပြီး ကိုယ်ထင်ရာစိုင်းလုပ်တတ်တဲ့ တဖက်သတ်နိုင်ငံရေးယဉ်ကျေးမှုမျိုး ပြည်သူတွေအလိုမရှိတော့ပါ။

ကိုညို( အော်စလို)
၀၆ဇန်န၀ါရီ၂၀၁၅

ဓာတ်ပုံ ဖန်တီးမှု- စိုးသန်းထိုက်ဓာတ်ပုံ ဖန်တီးမှု- စိုးသန်းထိုက်
https://www.facebook.com/notes/880481915316363/

No comments: