ဆရာဦးတင်မိုးရဲ
” အောင်ပန်းဆွတ်ဖို့ ငါလာတယ်”
ကွယ်လွန်သွားပြီဖြစ်တဲ့ စာပေလောကရဲ့ ကြယ်တစ်ပွင့်ဖြစ်တဲ့ ကဗျာဆရာဦးတင်မိုး ရေးသားတဲ့ အောင်ပန်းဆွတ်ဖို့ ငါလာတယ် ဆိုတဲ့ ကဗျာလေးကို မျှဝေချင်ပါတယ်။ ဆရာကတော့ (သမီးလေး “ချို” သို့) ဆိုပြီးတော့ သူ့သမီးအတွက် ရေးစပ်ထားတာဖြစ်ပါတယ်။ ဆရာဦးတင်မိုးရဲ့ ကလောင်စွမ်းကြောင့် ကဗျာလေးကို ဖတ်ပြီးနောက်ပိုင်းမှာ စိတ်ဓာတ်သစ်တွေ အားအင်သစ်တွေ တိုးပွားလာတယ်လို့ ခံစားရပါတယ်။

အောင်ပန်းဆွတ်ဖို့
ငါလာတယ်
တောင်တစ်လုံးပြီး
တစ်လုံး
အမှောင် ဖုံးပြီး ရင်း ဖုံး
အပြုံးမပျက် ကျော်လို့တက်
မနက်လင်းရင် စခန်းရောက်မှ သေချာတယ်။
အမှောင် ဖုံးပြီး ရင်း ဖုံး
အပြုံးမပျက် ကျော်လို့တက်
မနက်လင်းရင် စခန်းရောက်မှ သေချာတယ်။
လူသားရဲ့
အစွမ်း
ဘယ်တော့မှ မကုန်ခမ်းနိုင်ဘူး
မမှန်းဆနိုင်တဲ့ နေရာက
အတွေး အဆတွေ လာတယ်။
ဘယ်တော့မှ မကုန်ခမ်းနိုင်ဘူး
မမှန်းဆနိုင်တဲ့ နေရာက
အတွေး အဆတွေ လာတယ်။
လေထဲမှာ ဝှေ့ယမ်းနေတာက
အောင်ပန်းတွေ မဟုတ်လား။
အောင်ပန်းတွေ မဟုတ်လား။
ဘ၀ရဲ့ တောင်တန်းအထွတ်မှာ
အောင်ပန်းဆွတ်ဖို့ ငါတက်ခဲ့တယ်။
အောင်ပန်းဆွတ်ဖို့ ငါတက်ခဲ့တယ်။
အရှုံးပေးတတ်တဲ့
စိတ်ညံ့
ကြောက်လန့်ပြီး ထွက်ပြေးတတ်တဲ့စိတ်ပျော့
ပေါ့ပေါ့တွေးတတ်တဲ့ စိတ်လေပွေ
အခြေမဲ့ အနေမဲ့ အဖြေမဲ့ ပုစ္ဆာ
ငါ့အဘိဓာန်မှာ ဘယ်အခါမှ မရှိ။
ကြောက်လန့်ပြီး ထွက်ပြေးတတ်တဲ့စိတ်ပျော့
ပေါ့ပေါ့တွေးတတ်တဲ့ စိတ်လေပွေ
အခြေမဲ့ အနေမဲ့ အဖြေမဲ့ ပုစ္ဆာ
ငါ့အဘိဓာန်မှာ ဘယ်အခါမှ မရှိ။
ကဗျာရေးသူ
– တင်မိုး
No comments:
Post a Comment