Thursday, January 16, 2014
ရန်ကုန်သား ဆရာဝန်
သဒ္ဒါ လွန်၍
(၁) ကဗျာနွံနစ်
(၂) ဆရာဝန်ဖြစ်
ရွံကြောက်အားနာ ၊ လေးစားစွာဖြင့်
မဟာရန်ကုန် ၊ သာမျိုးစုံ၌
ခိုလှုံကြီးပြင်းခဲ့ပါသည် ။
ရန်ကုန်ဟူသည် . . . ။
ပြည်တွင်းဖြစ်လား ၊ ပြည်ပဖြစ်လား
ဈေးဆစ်လည်းတတ် ။ တစ်ပတ်ရစ်အသစ်
အစစ်အတု ၊ ခွဲးခြားမှုပညာ
မွေးရာပါမရှိ
ထိဖန်များလျှင် သိလာမည် ။
ခဲတံချွန်စက် ၊ ဘဲဥလှီးစက် အစ
ဒေါက်တာ ဘားနတ် ၏ အဆုတ်နှလုံးတုစက်
အီလက်ထရွန်းနစ် မီးသင်္ဂြိုဟ်စက်
မျက်စီလျင်လျင် ရှာတတ်လျှင်
အဆင်သင့်ဝယ် ရနိုင်၏ ။
အိန္ဒိယပုဆိုး ၊ အင်ဒိုနီးရှားပုဆိုး
မလေးရှားပုဆိုး ၊ ဈေးကွက်တိုးပြီး
မစိုးရိမ်နှင့် ၊ အကြောင်းသင့်လျှင်
အင်္ဂလိပ်ပုဆိုး ၊ အမေရိကန်ပုဆိုး
တစ်မျိုးပြီးတစ်မျိုး ထွင်နိုင်သည် ။
ပါတိတ် ပါထိုင်း
ပါရှင်း ၊ ပါရှုပ်
စာရင်းလုပ်၍
ကျွန်ုပ်မပြောတတ်နိုင် ။
ပရက်တိုလား ၊ တိုယိုတာလား
ကားအလှပြင် ၊ ရောင်စဉ်သက်တံ
အကန့် အကာ
အနံ့ ပါ
ဘာလိုသေးလဲ အချစ်ရယ် ။
တယ်လီဗီရှင်း
အိပ်စတင်းရှင်းစကရင် ၊ ဗွီဒီယိုဒက်ခ်
ရေဒီယိုကက်ဆက် ၊ ရီမုတ်စက်အံမခန်း
မှောင်ခိုတန်းဖြတ် ၊ လျှပ်စစ်အိပ်မက်
မက်ချင်သေးလား ။
တစ်နာရီအစိတ် ၊ ပိုင်ရှင်လိုဟိတ်ထုတ်
ဘွတ်ကင်လုပ် စီးမလား
ပရိုက်ဗိတ်တက္ကစီရနိုင်သည် ။
သဘောင်္သားအပြန် ၊ လေယာဉ်ပျံဝယ်ခွင့် (အဲလေ)
လေယာဉ်ပျံလို ၊ မြန်မြန်ပြေးသော
ကားလေးများလည်း ၀ယ်ခွင့်ရှိ ။
သဘော်သားလက် ၊စက္ကန့် မကြာ
အမြတ်ရှာသ္မား ၊ ငွေကစားတော့
ကြားကားလေးများ ဖြစ်လာသည် ။
ဘယ်လက်ရောက်ရောက် ၊ ဘယ်လောက်ကျန်ကျန်
ကြားကားမှန်
လေယာဉ်ပျံလို ပြေးရမည် ။
စာအုပ်လား ၊ ဆေးလိပ်လား
ဘိုင်စကုတ်လား ၊ သွေးဆေးလား
စတီရီယိုလား ၊ ကျူရှင်လား
ပန်းသတင်းကို ၊ လေညင်းဆောင်လိမ့်
လူသတင်း ၊ လူချင်းဆောင်လိမ့်
အနုပညာသတင်း ၊ ဆိုင်းဘုတ်ချင်း ဆောင်လိမ့်မည် ။
“ချစ်ရွှေကွ တင်ဖေကွ“
“ရွှေဘကွ တင်ညွန့် ကွ“
“ဆိုးပေကွ မောင်မဲကွ”
လူထဲက လက်ခုပ်
တဖြုတ်ဖြုတ် တဖြောက်ဖြောက်
ကိုယ့်လူတွေ ဘယ်ကိုရောက် ၊
သိုင်းရုပ်ရှင် ၊ သိုင်းဝတ္ထု
ခံစားမှုရသ ၊ မျှဝေခွဲ
ခြောက်ရုံတွဲ ၊ ခြောက်အုပ်ခွဲ
အကောင်းမရှိဘူးလား ရှိတယ်
အဆိုးမရှိဘူးလား ရှိတယ်
အကောင်းအဆိုး ဒွန်တွဲရိုးမှန်
အကောင်းဘက်က နစ်နာပြန်
စီပွားရေးနှင့် သမိုင်းဒဏ်
ကမ္ဘာခံရော့
ကမ္ဘာဒဏ်  နိုင်ငံခံရော့
ကျေးလက်ဒဏ် အောင်နက်ခံရော့ ။
မနီလာတုပ်ကွေး
ဂျပန်ဦးနှောက် အမြှေးရောင်
ပါကစ္စတန် ၀မ်းဆိုလား
ပိုးမွှားဆိုတာ လမ်းရှာတတ်သည် ။
ဝါရှင်တန်ဒီစီသား၏ ကင်ဆာ
ဂျာမဏီပြည်သား ၏ ကင်ဆာ
အင်စိန်ရွာမသား၏ ကင်ဆာ
ကွာခြားမှုမရှိနိုင်ပါ
ယခုကား
မိုရီယာမင်၏ နေ့ များ ။
ပလူဗင်မင်၏ နေ့ များ ။
ဒက်ပို၏ နေ့ များ ။
တက်စထရို၏ နေ့ များ ။
ငါးကျပ်လောက်ပေး
လက်မှတ်ရေးသည့်
ဆေးဆရာ ငါမဟုတ် ။
ချစ်ဆိပ်ရည်လေး
ဖျက်ချပေးသည့်
ဆေးဆရာ ငါမဟုတ် ။
ပညာပဋိ ညာဉ်
ရွှေချိန်ခွင်
ပြင်ဆင်ရေးသ္မား ငါမဟုတ် ။
ဒစ္စကိုခရီး ၊ လျှပ်စီးကြောင်းနှယ်
ချောပြန့် လွယ်ခိုက် ၊ ငယ်နုသေးနုပ်
ကျုပ်လိုဆရာ ၊ ကဗျာယောင်ယောင်
စာငကြောင်ရော . . .
ဘာကောင်မို့  သန့် မှာတုံး ။
ကိုယ်ဝန်ဆောင်၏ ကျန်းမာရေး
ကျောင်းသားလေး၏ ကျန်းမာရေး
အလုပ်သမား၏ ကျန်းမာရေး
လယ်သမား၏ ကျန်းမာရေး
လူလိမ်၏ ကျန်းမာရေး
လူလည်၏ ကျန်းမာရေး
မိမိ ကျန်မာရေး
မိမိဇနီး၏ ကျန်မာရေး
တပြေးညီထားမိသည်မှာ                                                                                     ဟစ်ပိုကရေတီ၏ သစ္စာ ။
နေ့ လယ်က ဒေါမနဿ
ညနေမှာပေါက်ကွဲ
အရပ်ထဲးက ကလေးများ
ကျီစားပြီးဆိုတဲ့တေးက . . .
“မှုန်ရွှေရည် . . .
လူတွေအနာပေါက်သည်
ဒေါက်တာငွေစိုး အပ်နဲ့ ထိုးလို့ 
ဖင်ရိုးကျိုးပါပြီ “. . . ။
ဒေါက်တာငွေစိုး
သြဂုတ် ၊ ၁၉၈၇   )
စာပေလောက ကဗျာစာအုပ်
No comments: