Sunday, November 30, 2014

မာယာများ၏နောက်ကွယ်တွင်
မာယာများ၏နောက်ကွယ်တွင်
**********************************
လွှတ်တော်ထဲမှာ အရေးကြီးအဆိုတင်ကာ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဆိုပြီး ကန့်ကွက်သူမရှိဆုံးဖြတ်လိုက်ကြတယ်။ တိုးလာတဲ့ နောက်နှစ်ယောက်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ထဲကတိုင်းရင်းသားခေါင်းဆောင်တစ်ဦး။ လွှတ်တော်က ဒီလိုဆုံးဖြတ်ပြီး အစိုးရအဖွဲ့ဆီပို့လိုက်တာမှာ အစိုးရဘက်က မတွေ့နိုင်သေးဘူးလို့ပဲဖြစ်တယ်။ တွေ့ဆုံရေးကိစ္စမှာ တွေးပုံချင်းမတူဘူး လွှတ်တော်က လူပုဂ္ဂိုလ်ကိုဦးစားပေးတယ်၊ သူတို့က အဖွဲ့အစည်းကို ဦးစားပေးတယ်ဆိုပြီး တွေ့ဆုံဖို့ကိုလမ်းလွှဲနေပါတယ်။ အခုကိစ္စမှာ အစိုးရက လွှတ်တော်ကို တရားဝင်ပြန်ကြားတာမဟုတ်သေးပါဘူး။ သမ္မတကမပြောသေးပေမဲ့ သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူက တရားမဝင်ပြောနေတာက အခုအတိုင်းပဲဖြစ်တယ်။
ပဋိပက္ခနိုင်ငံတွေရဲ့တွေ့ဆုံဆွေးနွေးပွဲတွေမှာ နှစ်ဖက်က Mandate ပေးထားတဲ့ (အနည်းဆုံး) သူနှစ်ဦးတွေ့ဖို့ပဲလိုအပ်တာပါ။ လူနည်းလေ ညှိနှိုင်းရလွယ်လေ၊ အဖြေမြန်မြန်ထွက်လေပါပဲ။ အမျိုးသားညီလာခံလို ဇာတ်မျောကြီးတစ်ခုလုပ်ချင်သေးတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆိုရင်တော့မပြောတက်ဘူးပေါ့။
အဲဒီတွေ့ဆုံပွဲက လောလောဆယ်မသေချာသေးပေမယ့်။
NLD ဘက်ကတော့ မေးခွန်းတွေကြိုထွက်နေပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စတွေမှာ ဘာကိုတွန့်ဆုတ်ကြောက်ရွံ့နေရတာလဲဆိုတာ မေးမယ်လို့ဆိုတယ်။ ကြောက်ပါတယ်ဆိုမှ ကြောင်ကလေးတို့နေသလိုပါ။
နောက်တစ်ခုက အစိုးရနဲ့စစ်တပ်ဖက်ကပြောလေ့ရှိတာက NLD ဟာ သာမန်ပါတီတစ်ခု၊ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သာမန်အတိုက်အခံနိုင်ငံရေးသမားတစ်ယောက်။ ဒီလိုပဲပြောသာနေရ တကယ့်အဖြစ်မှာ ဒီလိုမဟုတ်မှန်း သူတို့သာ အသိဆုံး၊ ပြည်သူတွေကလည်းမြင်နေရတာပဲ။ ၉၀ ရွေးကောက်ပွဲရဲ့ရလဒ်ကို စစ်တပ်ကငြင်းဆန်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ဘယ်လောက်အထိ လူမဆန်စွာ နှိပ်ကွပ်ခဲ့ရတယ်၊ နှိမ်နင်းခဲ့ရတယ်ဆိုတာလည်း တစ်နိုင်ငံလုံးနဲ့ တစ်ကမ္ဘာလုံးအသိပဲ။ ဒါကြောင့်လည်း NLD ကို ပြည်သူတွေက စာနာစိတ်အပြည့်နဲ့ထောက်ခံနေကြတာ။ မျက်စိမှိတ် ဆင်ကန်းတောတိုး ဆင်ခြင်တုံတရားမဲ့ ထောက်ခံနေကြတာမဟုတ်ဘူး။ အဲဒီလိုအခြေအနေကိုသိပေမယ့် အာဏာကိုလက်ထဲရယူထားသူတွေအနေနဲ့ ကိုယ်လုပ်ခွင့်ရသလောက်လုပ်နေတယ်၊ ပေကတ်ကတ်အလုပ်တွေကို ညစ်ကျယ်ကျယ်လုပ်နေတယ်ဆိုတာ ပြည်သူတွေအားလုံးက သဘောပေါက်နားလည်နေပါတယ်။
ခုလက်တလောဖြစ်နေတဲ့ အဖြစ်အပျက်များဟာ အလွန်ပဲမြန်ဆန်စွာ ဖြစ်ပျက်ပြောင်းလဲနေပါတယ်။ တစ်ခုဆိုရင် စစ်တပ်ရဲ့အနေအထားဟာ ဘာဆိုတာ တော်တော်ကိုရိပ်စားမိပါတယ်။ NLD က လွှတ်တော်ထဲက စစ်ကိုယ်စားလှယ်တွေကို ညစာထမင်းစားဖိတ်တဲ့ကိစ္စပါ။ နောက်တစ်ခုက ကာချုပ်နဲ့ VOA အင်တာဗျူးမှာ ၄၃၆ ပြင်ဆင်ရေး ပြည်သူ ၅ သန်းရဲ့ လက်မှတ်တွေနဲ့ပတ်သက်ပြီး ကာချုပ်ရဲ့အဖြေပါ။ အဲဒီအဖြေဟာ သူရဲ့သဘောထားကိုဖော်ပြတာဆိုရင် ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံကို ထောက်ခံခဲ့တယ်ဆိုတဲ့ ရာခိုင်နှုန်းကိန်းဂဏန်းတွေကိုကိုင်ပြောနေတာဟာ တစ်ခုခုတော့လွဲနေပြီဆိုတာ မြင်နေရပါတယ်။ အဲဒီတုန်းက ဖောင်းပွနေတဲ့လူဦးရေစာရင်းတွေကို အမှီပြုပြီး မဲလိမ်၊ ကြိုတင်မဲဆိုတာတွေနဲ့ သူကိုင်ပြောတဲ့ကိန်းဂဏန်းရအောင် လုပ်ထားတယ်ဆိုတာ တစ်ပြည်လုံးအသိပါ။ အဲဒီလိုလုပ်ထားမှန်း အသံမထွက်ဘူးဆိုရင်လဲ အဲဒီလိုအသံတွေမထွက်အောင်လုပ်ထားတဲ့ အမိန့်တွေ၊ ဥပဒေတွေက အမျိုးသားညီလာခံစကတည်းက ထုတ်ပြန်ထားခဲ့တာမဟုတ်လား။ ဒီလိုနည်းနဲ့ဖြစ်လာတဲ့ ကိန်းဂဏန်းတွေကိုကိုင်ပြီး ၄၃၆ ပြင်ဆင်ရေးလက်မှတ် ၅ သန်းကို မတုန့်ပြန် မချေပသင့်ပါဘူး။ နောက်ပြီး သူကိုးကားတဲ့ ၂၀၀၈ လူဦးရေအရဆိုရင် ခုချိန်မှာ လူဦးရေဟာ သန်း ၆၀ ဖြစ်နေရမှာပါ။ ဒါပေမယ့် သူပြောပြန်တာက အဲဒီလက်မှတ် ၅ သန်းက လူဦးရေ ၅၁ သန်းကို ကိုယ်စားမပြုဘူးဆိုပဲ။ တကယ်တော့ ၂၀၁၄ သန်းခေါင်စာရင်းရဲ့ ရှေ့ပြေးစာရင်းတွေအရ လူဦးရေ ၅၁ သန်းဆိုတာ ကြေညာပြီးသားမို့ လိမ်မရတော့ပါ။ ဒါကြောင့် ရှေ့နောက်လွဲနေတဲ့ ကိန်းဂဏန်းတွေကိုကိုင်ပြီး လမ်းလယ်ခေါင်ချထားတဲ့စားပွဲမှာ တစ်ဦးချင်း မှတ်ပုံတင်နံပတ်ပါပြပြီး လက်မှတ်ထိုးထားတဲ့ ၄၃၆ ပြင်ဆင်ရေး လူဦးရေ ၅ သန်းရဲ့ဆန္ဒကို အသိအမှတ်မပြုသလို၊ သူတို့ နာဂစ်စာအုပ်အစိမ်းအတည်ပြုတုန်းကလုပ်ခဲ့တဲ့ ခိုးဂဏန်းတွေလိုမျိုးမြင်နေပုံက သာမန်နိုင်ငံရေးသမားတစ်ယောက်က ပြောတယ်ဆိုရင်တောင် တော်တော်အခြေအနေဆိုးပါတယ်။ ခုတော့ တိုင်းပြည်ရဲ့တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ကာချုပ်ကိုယ်တိုင်ကပြောနေတာဆိုတော့ အတော်ကိုစိတ်ပျက်စရာကောင်းလှပါတယ်ဆိုတဲ့စကားက အပေါ့ဆုံးနေမှာပါ။
ခုရက်ပိုင်းမှာပဲ သမ္မတက နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ်မှာ အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်လို့ ပြောခဲ့တာတွေရှိပါတယ်။ သူပြောတဲ့အကြောင်းအရာတွေကိုတော့ ဖော်ပြထားပြီးသားမို့ မပြောလိုတော့ပါဘူး။ ပြောချင်တာတစ်ခုက အလွန်ထူးခြားစွာကြားလိုက်ရတဲ့ ဝေါဟာရတစ်ခုပါ။ ဘာတဲ့ ကျောင်းသား Union တဲ့။ ကျောင်းသားသမဂ္ဂလို့ပြောလိုက်ရရင်ကိုပဲ မြေမျိုသွားမဲ့အတိုင်းဖြစ်နေတာ။ သမ္မတရှင်သန်ကြီးပြင်းလာခဲ့တဲ့ Institution အတွင်းမှာ ကျောင်းသားသမဂ္ဂဆိုတာကို အသံမထွက်ရဲလောက်အောင်ဖြစ်ခဲ့ပုံရပါတယ်။ ဝေါဟာရများနဲ့ပတ်သက်လို့ အင်မတန်မှ နုနယ်လွန်းလှတဲ့၊ အကဲဆတ်လွန်းလှတဲ့ ဘဝများအတွက် ပြည်သူများက သနားမိပါရဲ့။ ဒီလိုစိတ်ထားမျိုးတွေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့ သင်ပုန်းချေရေးတို့ဆိုတာ ဘယ်လိုပါးစပ်တွေကပြောလို့၊ ဘယ်လိုကိုယ်တွေကလုပ်ကြမယ်ဆိုတာ တွေးတောင်မတွေးရဲတော့ပါ။
ဒါကြောင့် တစ်ချို့ကိစ္စရပ်များဟာ စစ်တပ်အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရမယ့်အချိန်ကို ရောက်နေပြီဆိုတာ သမိုင်းရဲ့အရှိတရားပါ။ ၄၃၆ မပြင်ချင်ဘူးလား၊ ၅၉(စ)မဖြုတ်ချင်ဘူးလား၊ ဘာကြောင့်မပြင်နိုင်တာလဲ၊ ဘာကြောင့်မဖြတ်နိုင်တာလဲ တိုင်းပြည်ကိုရှင်းပြသင့်ပါပြီ။ ကာချုပ် မဟုတ်သေးရင် ကာချုပ်ထက်အဆုံးအဖြတ်ပေးနိုင်မယ့်သူ (ရှိနေတယ်ဆိုရင်) ထွက်လာခဲ့ဖို့သင့်ပါပြီ။ အဲဒီလိုမှမဟုတ်ပဲ ကိုယ်အနေအစားချောင်ရုံတစ်ခုထဲသာရှိပြီး တစ်တိုင်းပြည်လုံးမှာ သို့လော သို့လောနဲ့ တွေးနေရ၊ စဉ်းစားနေရနဲ့ နိုင်ငံရေးအရိပ်အခြည် ညီအစ်ကိုမသိတသိအချိန်က ရှည်ကြာလွန်းလှပြီး စိတ်မရှည်လှတော့တဲ့ အသံတွေလည်း ထွက်စပြုနေပါပြီ။
ဘာလို့လဲဆိုတော့ စစ်သားတွေဟာ မာယာများသလားလို့ပါ။ တကယ်တော့ တိုင်းပြည်ရဲ့အခြေအနေဟာ ၄၈ လို ၅၈ လို ၈၈ လို အခြေအနေမျိုးတွေမဟုတ်ပါဘဲနဲ့ လက်နက်တပြပြလုပ်ချင်နေတဲ့သဘောတွေကို မြင်နေရလို့ပါ။ ပြီးခဲ့တဲ့ မန္တလေးအရေးအခင်းမှာ အဲဒီအချက်ကို ဖျက်ခနဲ့တွေ့လိုက်ရသလိုပါ။ ခုလည်း လွှတ်တော်ထဲမှာ မတော်မတဲ့နဲ့ လွှတ်တော်အမတ် ၃ ပုံ ၁ ပုံလျှော့ရင် ဘာလုပ်သင့်တယ် ညာလုပ်သင့်တယ်ပြောနေပုံတွေဟာ ဒီလောက် စစ် Institution က တကမ္ဘာလုံးမြင်မကောင်းအောင် အသာစီးယူထားတဲ့ကြားက အစွမ်းထက် မုဆိုးကြီးခွေးလို လက်နှစ်ဘက် ခြေနှစ်ချောင်းနဲ့ ပါးစပ်မှာ တစ်ကောင်စီ ခဲထားဖိထား ကုတ်ထားတဲ့ကြားထဲက တွင်းဝကဖွတ်ကို အမြီးနဲ့ယမ်းနေပုံမျိုးနဲ့ တူလွန်းလှပါတယ်။
ပြည်သူတွေဘက်ကကြည့်ရင်တော့ ပြည်သူတွေနဲ့ တစ်ရွေ့ရွေ့မဟုတ်ဘဲ တစ်ဟုန်ထိုးကျောခိုင်းပြေးလွှားနေတဲ့ တပ်မတော်ကို မြင်နေ ကြည့်နေရသလိုပါပဲ။ တဖြည်းဖြည်းနဲ့ အစွန်းကိုရောက်တော့မတက်ဖြစ်နေတာမို့။ အစွန်းရောက်တွေများဖြစ်သွားမလားလို့လဲ ရင်တထိတ်ထိတ်နဲ့ကြည့်နေရတာပါ။ ဘယ်အစွန်းတွေထိများရောက်မလဲ ဆိုတာလည်း မမှန်းဆတက်ပါ။
စစ်တပ်ဟာ ဒီနိုင်ငံရဲ့ အကြီးမားဆုံးစီးပွားရေးအုပ်စုရဲ့ပိုင်ရှင်လည်းဖြစ်တယ်။ ဒီအကျိုးစီးပွားများနဲ့ သူတို့ အကြောရ အသာရထားတဲ့ စာအုပ်စိမ်းကြီးကို ဘယ်သူမှမထိပါးမနှောက်ယှက်အောင် မျက်စိစုံမှိတ်ကာကွယ်နေပုံရပါတယ်။ အမိန့်တစ်ရပ်နဲ့ကာကွယ်ခိုင်းထားလို့သာ ကာကွယ်နေရတယ်။ သေချာလည်းဖတ်ကြပုံမပေါ်ပါ။ မဖတ်လည်း ကိုယ့်ရဲ့မတန်မရာခံစားခွင့်တွေ ဒီစာအုပ်စိမ်းကြီးတည်မြဲနေသရွေ့ ဆုံးရှုံးသွားမှာမှမဟုတ်တာ။ ဒါကြီးကို ပြင်ဖို့ကြိုးစားနေတဲ့ပြည်သူတွေနဲ့ နိုင်ငံရေးသမားတွေကသာ တစ်အုပ်လုံးကြေမွနေအောင် ဖွတ်ဖွတ်ညက်ညက်ကြေအောင်ဖတ်နေကြရတာ။ ဘယ်နေရာကများဝင်ပြီးပြင်ရမလဲ၊ ဘယ်နေရာမှာများ Space ရှိသလဲ လျှာထွက်အောင်လိုက်ရှာနေကြရတာ။
ဒါကြောင့် ပုဒ်မ-၄၃၆ မပြင်နိုင်ပါဘူးဆိုသူတွေက ဘာကြောင့် မပြင်နိုင်သလဲမေးတဲ့အခါ ခွေးအကြီးလှည်းနင်းခံထားရသလို ထစ်အထစ်အဖြစ်နေပြီး ဘာအကြောင်းမှ မယ်မယ်ရရမပြနိုင်ပါ။ သူတို့လူကြီးတွေလုပ်ထားတာမှ ဘာမှမကြာသေးဘူး ခုပဲပြင်ချင်နေကြပြန်ပြီ။ နိုင်ငံကြီးတွေကြားထဲမှာနေနေရတာမို့ အမြော်အမြင်ကြီးကြီးနဲ့ရေးဆွဲထားတာပါတို့ဆိုတာတွေဟာ ခိုင်လုံတဲ့အကြောင်းပြချက်တွေမဟုတ်ပါ။ ချဲ့ကားထားတဲ့ စစ်မှန်ယောင်အဆိုများနဲ့ ပြောပြောနေကြတာမို့ ပြောသူတွေတော့မသိ ကြားရသူတွေမှာတော့ ဘယ်လိုမှလက်မခံနိုင်ကြတော့ပါ။ မခိုင်လုံတဲ့စကားတွေနဲ့ လက်တွေ့မှာလည်းကျဆုံးနေတဲ့အဖြစ်တွေကြောင့် အမြင်တစ်ရပ်၊ အယူအဆတစ်ရပ်ကို မှန်ကန်ကြောင်းသက်သေပြချင်ရင် အခုလိုနေလို့တော့မရတော့ဘူးဆိုတာကို သိဖို့လိုပါပြီ။
အယင်ကတော့ တတိယအုပ်စုတို့ နောက်ကွယ်ကကြိုးကိုင်သူတို့ဆိုတာတွေနဲ့ ပြည်သူတွေအပေါ်လှည့်စားခဲ့ကြပါသေးတယ်။ အဲဒီတုန်းကလည်း သူတို့လိုတိုင်းပြည်အုပ်ချုပ်နေတဲ့သူတွေကတောင် မသိနိုင်တဲ့ မထိနိုင်တဲ့ မထိရဲတဲ့သူတွေလို့ပဲ အဲဒီတတိယအုပ်စုတို့ နောက်ကွယ်ကကြိုးကိုင်သူတို့ဆိုတာတွေကို ပြည်သူတွေကနားလည်ထားတာ။ ခုချိန်ကျတော့ အဲဒီဇာတ်လမ်းတွေက ရသေ့ရှစ်သောင်းဇာတ်မို့ ပြည်သူတွေကမယုံကြည်တာမို့ တို့လုပ်တာကွဆိုပြီး ပြောနေကြတယ်လို့ လွှတ်တော်ဥက္ကဋ္ဌတွေ၊ သမ္မတနဲ့ ကာချုပ်တွေ၊ ပြောရေးဆိုခွင့်ရှိသူတွေ၊ အကြံပေးတွေဆိုသူတွေရဲ့စကားနဲ့ အရေးအသားတွေအရ ပြည်သူတွေကခန့်မှန်းမိရပါတယ်။ လွှတ်တော်နဲ့ အစိုးရရဲ့ စစ်တပ်နဲ့ ဖြစ်နေပုံတွေက ဘောလီဘောပြိုင်ပွဲအုပ်စုပတ်လည်ပွဲလိုလို ရန်ဖြစ်နေကြတာလိုလိုနဲ့ သရုပ်ဆောင်ပြတာကရိုးပါပြီ၊ ဒါပေမယ့် ခဏနေရင်ဘာဖြစ်မယ်ဆိုတာ ပြည်သူတွေကမှန်းလို့ရပါတယ်။
တကယ်ပြောရရင်တော့ အချိန်တွေကုန်လှပါပြီ။ နိုင်ငံရဲ့အရေးအရာမှာ စစ်တပ်ရဲ့ ကဏ္ဍဟာ သူ့မူလတာဝန်မှာသာ ပြန်သွားဖို့ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် မတ်လ ၁ ရက်နေ့က အခြေအနေကို ပြန်သွားဖို့ပဲဖြစ်ပါတယ်။ ခုချိန်ဟာ ခြောက်ပွင့်ဆိုင်မပြောနဲ့ လေးပွင့်ဆိုင်တောင်လုပ်ရမယ့်အချိန်မဟုတ်တော့ပါ။ တကယ်လုပ်ရမှာက နှစ်ပွင့်ဆိုင်ဖြစ်ပါတယ်။ ပြည်သူတွေ Mandate ပေးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်ဖက်က Mandate ပေးထားတဲ့ဘယ်သူနဲ့မဆို (ဘယ်သူနဲ့မဆို) တစ်ဦးချင်းလျှို့ဝှက်တွေ့ပြီး တိုင်းပြည်ရဲ့ အပြောင်းအလဲများအတွက် ညှိနှိုင်းဖို့သာဖြစ်ကြောင်းသာပြောလိုပါတယ်။ စစ်တပ်ကိုပြောရရင် ခုချိန်ဟာ ဝေ့ဝိုက်နေရမယ့်အချိန်မဟုတ်တောပါ။ ကိုယ်ဟာ ပြည်သူ့ဝန်ထမ်းပဲဆိုတဲ့ မူလတရားကိုယ်သဘောကို ဘဝင်ကျသည်ဖြစ်စေ မကျသည်ဖြစ်စေ နှလုံးသွင်းဆင်ခြင်ရမယ့်အချိန်ကို ကျရောက်လို့လာပြီဖြစ်ပါတယ်။
**********************************
လေးစားစွာဖြင့်
Ko Soe Win

Saturday, November 29, 2014